နယူးဇီလန် နိုင်ငံ အကြောင်း သိကောင်းစရာ

နယူးဇီလန် နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on 

ရေးသားသူ – Academy Page

နယူးဇီလန်နိုင်ငံသည် တောင်ကမ္ဘာခြမ်းတွင်တည်ရှိသည့် ကျွန်းနိုင်ငံဖြစ်သည် ။ ပစိဖိတ်သမုဒ္ဒရာ တောင်ဖက် ရှိ ကျွန်းစုများ၏ တစိတ်တဒေသ ဖြစ်ပြီး နယူးဇီလန်နိုင်ငံ၏ အနီးဆုံးကုန်းမြေသည် ဩစတြေးလျတိုက် နှင့် မိုင် ၁၀၀၀ – ကျော် သာကွာဝေးသည် ။ အစကနဦးနေထိုင်သူ မောင်အိုရီလူမျိုး(Maori) တို့က နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ချမ်းသာသည့် နိုင်ငံများထဲတွင် ပါဝင်သည် ။

နယူးဇီလန် နိုင်ငံသည် စိမ်းလန်းသည့်ကုန်းမြေ ၊ ရေခဲဖုံးလွှမ်းနေသည့်တောင်တန်း ၊ သာယာလှသည့် ကမ်းခြေများကြောင့် ကျော်ကြားသည် ။ ကမ္ဘာ့တောင်ဖက်ပိုင်းဒေသဖြစ်သဖြင့် အေးမြသည့်ရာသီဥတုရှိသည် ။ နိုင်ငံလူဦးရေ ၄.၇ သန်းကျော်ရှိကာ အများစုမှာဥရောပလူမျိုးများမှ ဆင်းသက်လာသူများဖြစ်သည် ။ ခရစ်ယန်ဘာသာဝင် အများစုဖြစ်ပြီး လူဦးရေ၏ ၁၃% မှာ ဘာသာမဲ့ များဖြစ်ကြသည် ။ နိုင်ငံဧရိယာ အများအပြားတွင် လူနေထိုင်မှုနည်းပါးပြီး လူအများစုသည် မြောက်ဖက်ကျွန်း ဒေသတွင်နေထိုင်ကြသည် ။

ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ် နှင့် ဒေသခံလူမျိုးများ၏ Maori ဘာသာစကားကို သုံးစွဲကြသည် ။ နယူးဇီလန်နိုင်ငံ၏မြို့တော်မှာ Wellington ဖြစ်ပြီး အကြီးဆုံးမြို့မှာ Auckland မြို့ဖြစ်သည် ။ အင်္ဂလန် နိုင်ငံ၏ နိုင်ငံရေးစနစ် နှင့် ပုံစံ တူညီပြီး ၁၉၅၂ အချိန်မှစ၍ အင်္ဂလန်ဘုရင်မ Queen Elizabeth II မှာ နိုင်ငံ၏အဓိပတိ ဖြစ်သည် ။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။

ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ပြယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။ လက်ရှိ နယူးဇီလန်နိုင်ငံကို အသက် ၄၁ နှစ် အရွယ်သာရှိသေးသည့် Jacinda Ardern က ဦးဆောင်အုပ်ချုပ်လျက်ရှိသည်။

ကုန်းမြေ

နယူးဇီလန် ၏ အုပ်ချုပ်ရေး နယ်မြေထဲတွင် ကျွန်းကြီး နှစ်ကျွန်း ၊ ကျွန်းငယ် ၆၀၀ ခန့်နှင့် ပင်လယ်ရပ်ရှားနယ်မြေများဖြစ်သည့် Tokelau နှင့် Ross Dependency ကျွန်း များပါဝင်သည် ။ အဓိက ကျွန်း နှစ်ခုဖြစ်သည့် တောင်ဖက်ကျွန်း နှင့်မြောက်ဖက်ကျွန်းကို Cook ရေလက်ကြားနှင့် ပိုင်းခြားထားသည် ။ ဧရိယာစတုရန်းမိုင် ၁ – သိန်းကျော်ရှိပြီး တောင်မှမြောက်အထိ အရှည် ၁၀၀၀ – မိုင် ၊ အရှေ့မှ အနောက် အများဆုံးအကျယ် မိုင် ၂၈၀ – အထိတည်ရှိသည် ။

နိုင်ငံဧရိယာ၏ ၃၀ % သည် သစ်တောများဖြင့်ဖုံးလွှမ်းနေဆဲဖြစ်ပြီး သက်ရှိမီးတောင်များလဲ အများအပြား တည်ရှိသည် ။ ကမ်းရိုးတမ်းအရှည်စုစုပေါင်း ၉၄၀၀ မိုင်ရှိပြီး မြောက်ဖက်ကျွန်း ကမ်းခြေဒေသတွင် ပင်လယ်ကွေ့နှင့် သင်္ဘောဆိပ် များစွာ တည်ရှိသည် ။ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ မြောက်ဖက်ကျွန်းပေါ်ရှိ Auckland နှင့် Wellington ဆိပ်ကမ်းများဖြစ်ကြသည် ။ တောင်ဖက်ကျွန်းဒေသ တွင်လူနေနဲပြီး ရေခဲပြင်များ ၊ တောင်ကြားဒေသများ နှင့် fjords ကျွန်းငယ် များစွာရှိသည် ။ နယူးဇီလန်၏ အမြင့်ဆုံးတောင်မှာ Mount Cook ဖြစ်ပြီး အမြင့်ပေ ၁၂၂၁၈ပေ မြင့်သည်။

နယူးဇီလန် နိုင်ငံသား တစ်ဦးချင်းစီ၏ တစ်နှစ်စာ ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၀,၉၀၁ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၂၈ ဖြစ်သည်။ အဓိက စီးပွားရေးလုပ်ငန်းများမှာ အစားအစာ ထုတ်လုပ်ခြင်း ၊ ချည်မျှင် ၊ စက်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးပစ္စည်းများထုတ်လုပ်ခြင်း ၊ ဘဏ်လုပ်ငန်း ၊ ဟိုတယ် ခရီးသွားလာရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများဖြစ်ကြသည်။ ငွေကြေးစနစ်အနေနဲ့ကတော့ နယူးဇီလန်ဒေါ်လာ ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၁.၄၂ နယူးဇီလန်ဒေါ်လာ နဲ့ ညီမျှသည်။

သမိုင်း

နယူးဇီလန်ကျွန်းများတွင် ပထမဆုံးစတင် အခြေချနေထိုင် လာသူများမှာ ပစိဖိတ်ကျွန်းများတွင် နေထိုင်လာ ကြသည့် Polynesian လူမျိုး၏ မျိုးနွယ်စု တခုဖြစ်သည့် Maori လူမျိုးများ ဖြစ်ကြသည် ။ သူတို့သည် အေဒီ ၁၂၀၀ အချိန်က နယူးဇီလန်ကျွန်းများသို့သားကောင်များ ၊ ငှက်များ နှင့် ဖျံများကို ဖမ်းဆီးရန် စတင်ရောက်ရှိလာခဲ့ကြသည့် အစောဆုံး အခြေချနေထိုင်သူများဟု သမိုင်းသုတေသီများမှ ဆိုသည် ။ အေဒီ ၁၅၀၀ အချိန်ခန့်တွင် Maori လူမျိုးများသည် အမဲလိုက်ခြင်း သာမက ငါးဖမ်းခြင်း ၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်းများဖြင့် အသက်မွေး ဝမ်းကြောင်းပြုလာခဲ့ကြသည် ။

ဤဒေသသို့၁၆၄၂ – အချိန်က ဥရောပတိုက်သား ဒါတ်ချ် လူမျိုးများ ပထမဆုံးရောက်ရှိခဲ့ကြသော်လည်း သင်္ဘောသားတချို့အား Maori လူမျိုးများမှ သတ်ဖြတ်ခဲ့သဖြင့် နောက်ထပ် ရောက်မလာခဲ့တော့ဟု ဆိုသည် ။ ထို့နောက် ၁၇၆၉ – အချိန်တွင် အင်္ဂလိပ်လူမျိုး Captain James Cook ဦးဆောင်သည့် နယ်မြေချဲ့ ထွင် သူများ ရောက်ရှိလာပြီးနောက် ဤဒေသတွင် ဥရောပ လူမျိုးများ၏ ပါဝါ ကြီးစိုးလာခဲ့သည် ။

Captain James Cook ကို ဂုဏ်ပြုသောအားဖြင့် တောင်ဖက်ကျွန်း နှင့် မြောက်ဖက်ကျွန်းကို ပိုင်းခြားထားသည့် ရေလက်ကြားကို Cook ရေလက်ကြားဟု အမည်ပေးထားကြသည် ။ အင်္ဂလိပ်များအခြေချရောက်ရှိ လာပြီးနောက် အေဒီ ၁၈၄၀ – အချိန်မှစ၍ ဗြိတိသျှကိုလိုနီ ဒေသ အဖြစ်သတ်မှတ်ခဲ့ပြီး Maori လူမျိုးများငြိမ်းချမ်းစွာနေထိုင်ရေး သဘောတူညီခဲ့ကြသည် ။ ထိုစာချုပ်ကို Treaty of Waitangi ဟု ခေါ်သည် ။

ဤဒေသ သို့ဥရောပတိုက်သားများ မရောက်ခင်အချိန်အထိ Maori လူမျိုးများ၏ အဆို ၊ အက ၊ ယုံကြည်ရာ ဘာသာ ၊ လက်မှုပညာ စသည်တို့မှာမြင့်မားသည့် ယဉ်ကျေးမှုရှိခဲ့ကြသည် ။ ၁၈၃၀ခုနှစ် အချိန်က ဥရောပ လူမျိုး ၁၀၀၀ ခန့်သာရှိရာမှ ၁၈၅၈ခုနှစ် အချိန်တွင် ၆ – သောင်းခန့်အထိရှိ လာခဲ့သည် ။

အင်္ဂလိပ်အုပ်ချုပ်စဉ်အချိန်အတွင်း ပစိဖိတ် သမုဒ္ဒရာကျွန်းများမှ အခြေချနေထိုင်သူများစွာ ရောက်ရှိလာခဲ့ပြီး နယူးဇီလန်နိုင်ငံသည် မတူကွဲပြားမှုများစွာရှိလာခဲ့သည် ။ အေဒီ ၁၉၀၇ – ခုနှစ်တွင် ဗြိတိသျှတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာခဲ့ကာ အလယ်အလတ် နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးခဲ့ကြသည် ။ နယူးဇီလန်နိုင်ငံသည် ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ်အချိန်က ဗြိတိသျှတို့ဖက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည် ။

၁၉၄၇ – ခုနှစ်တွင် ဗြိတိသျှ ပါလီမန်အနေဖြင့် ၊ နယူးဇီလန်၏ တရားစီရင်ခွင့်များကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု ဥပဒေပြဌာန်းခဲ့သည် ။ ယနေ့အချိန်တွင်လွတ်လပ်သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး အင်္ဂလိပ်တို့နှင့် နီးကပ်သည့်ဆက်ဆံမှုရှိကာ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံလည်းဖြစ်သည် ။

နယူးဇီလန်နိုင်ငံရဲ့ စိတ်ဝင်စားစရာအချက်များ

ကီဝီ ဟု ဆိုလိုက်လျှင် အများစုက ကီဝီသီးကို သိကြမှာဖြစ်ပေမယ့် နယူးဇီလန်သားတွေကတော့ ကီဝီငှက်ကိုပဲ ပြေးမြင်ကြမှာပါ။ ဒီငှက်ဟာ နယူးဇီလန်ဇာတိ မပျံနိုင်တဲ့ငှက်အမျိုးအစားဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစား ၁၅လက်မဝန်းကျင် နဲ့ အလေးချိန် ၄ပေါင်ခန့် ရှိတတ်တဲ့ ဒီငှက်ကလေးတွေဟာ နယူးဇီလန်ရဲ့ အမှတ်အသားဖြစ်သလို နယူးဇီလန်သားတွေကိုရည်ညွှန်းပြီး ကီဝီလို့ ခေါ်လေ့ရှိကြပါတယ်။

ကီဝီ ဟု ဆိုလိုက်လျှင် အများစုက ကီဝီသီးကို သိကြမှာဖြစ်ပေမယ့် နယူးဇီလန်သားတွေကတော့ ကီဝီငှက်ကိုပဲ ပြေးမြင်ကြမှာပါ။ ဒီငှက်ဟာ နယူးဇီလန်ဇာတိ မပျံနိုင်တဲ့ငှက်အမျိုးအစားဖြစ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစား ၁၅လက်မဝန်းကျင် နဲ့ အလေးချိန် ၄ပေါင်ခန့် ရှိတတ်တဲ့ ဒီငှက်ကလေးတွေဟာ နယူးဇီလန်ရဲ့ အမှတ်အသားဖြစ်သလို နယူးဇီလန်သားတွေကိုရည်ညွှန်းပြီး ကီဝီလို့ ခေါ်လေ့ရှိကြပါတယ်။

ဟိုးအရင်တုန်းကတော့ ယခု နယူးဇီလန်နိုင်ငံရှိရာနယ်မြေမှာ Moa ဆိုတဲ့ ဧရာမ ငှက်ကြီးတွေ ကျက်စားခဲ့ကြဖူးပါတယ်။ ဒီငှက်ကြီးတွေဟာ အရပ်အမြင့် ၁၂ပေ ခန့်ရှိသလို ခန္ဓာကိုယ်အလေးချိန် ပေါင် ၅၀၀ ဝန်းကျင်အထိ ရှိပါတယ်။ ဒီနယ်မြေကို လူသားတွေခြေချပြီး နှစ် ၁၀၀ အတွင်းမှာတော့ အလွန်အကျွံအမဲလိုက်မှုတွေကြောင့် ငှက်ကြီးတွေ မျိုးတုံးသွားခဲ့ရပါတယ်။

နယူးဇီလန်မှာ မြွေတွေမရှိပါဘူးတဲ့။ နယူးဇီလန်မှာ မြွေအရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဟိုးအရင်အချိန်ကတည်းက မြွေတွေ မရှိခဲ့ခြင်း ၊ တခြားဒေသကနေ ရောက်လာဖို့ ရာလည်း မိုင်ထောင်ချီ ကွာဝေးနေခြင်း နဲ့ အစိုးရကိုယ်တိုင်က မြွေကင်းစင်တဲ့နယ်မြေဖြစ်အောင် ထိန်းသိမ်းထားခြင်း တွေကြောင့်ပဲ ဖြစ်ပါတယ်။

နယူးဇီလန်ဟာ ပင်ဂွင်းမျိုးစိတ်အများဆုံးနေထိုင်ရာ နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပင်ဂွင်းမျိုးစိတ် ၁၈ ခု ရှိတဲ့အနက် နယူးဇီလန်တနိုင်ငံထဲမှာပဲ ၁၃ မျိုးလောက် နေထိုင်ကြပါတယ်။

ကမ္ဘာပေါ်မှာ နာမည်အရှည်ဆုံးနေရာအဖြစ် ဂင်းနစ်စံချိန်တင်ထားတာကတော့ နယူးဇီလန်မြောက်ပိုင်းကျွန်းပေါ်မှာရှိတဲ့ တောင်ကုန်းတခုဖြစ်ပါတယ်။ အမြင့်ပေ ၁၀၀၀ ခန့်မြင့်တဲ့ ဒီတောင်ရဲ့အမည်က Taumatawhakatangi­hangakoauauotamatea­turipukakapikimaunga­horonukupokaiwhen­uakitanatahu ပါတဲ့။ မောင်အိုရီဘာသာစကားနဲ့ အမည်ပေးထားတာဖြစ်ပြီး စာလုံးရေ ၈၅ လုံး ပါဝင်ပါတယ်။

နယူးဇီလန်ဟာ ကမ္ဘာပေါ်မှာ ခြစားမှုအနည်းဆုံး နိုင်ငံဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးမှာ ရှိနေတတ်ပြီး ၂၀၂၀ ခုနှစ်စာရင်းမှာလည်း ဒိန်းမတ်နိုင်ငံနဲ့အတူ ပထမနေရာမှာ ရပ်တည်နေပါတယ်။

မြင့်မားတဲ့အဆောက်အအုံ (သို့) ခြောက်ကမ်းပါးလို နေရာတွေကနေ ကြိုးနဲ့တွဲကာ အောက်ဘက်ကို ခုန်ချတဲ့ စိတ်လှုပ်ရှားဖွယ် ကစားနည်းကို မြင်ဖူးကြမှာပါ။ ဒါကိုတော့ bungee jumping လို့ခေါ်ပြီး နယူးဇီလန်နိုင်ငံကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အမတ်စောက်ဆုံးလမ်းက နယူးဇီလန် Dunedin မြို့မှာ ရှိနေပြီး ဘော်ဒွင်လမ်းလို့ ခေါ်ပါတယ်။ အရှည် ၁၁၅၀ ပေ ခန့် ရှိတဲ့ဒီလမ်းဟာ အမတ်စောက်ဆုံးနေရာမှာ ၁၉ဒီဂရီအထိ စောင်းပါတယ်။

နယူးဇီလန်ဟာ ကမ္ဘာပေါ်မှာ လူဦးရေအလိုက် ကားပိုင်ဆိုင်မှု နိုင်ငံစာရင်းမှာ ပါဝင်ပါတယ်။ လူဦးရေ ၅ သန်းဝန်းကျင် ရှိနေချိန်မှာ ကားစီးရေ ၄.၂သန်းကျော်ကို ပိုင်ဆိုင်ထားပြီး လူ ၁၀ယောက်စီတိုင်းမှာ ကားပိုင်ဆိုင်သူက ၈ယောက်ထက်မက ရှိနေတာပါ။

နယူးဇီလန်နိုင်ငံဟာ အမျိုးသမီးတွေအနေနဲ့ မဲပေးပိုင်ခွင့်ပြုခဲ့တဲ့ ပထမဆုံး နိုင်ငံဖြစ်ပါတယ်။ နယူးဇီလန် အမျိုးသမီးတွေဟာ ၁၈၉၃ ခုနှစ်ကတည်းက မဲပေးပိုင်ခွင့်ကို ရရှိခဲ့ကြတာဖြစ်ပါတယ်။

နယူးဇီလန် အစိုးရအဖွဲ့ဟာ အမျိုးသမီးများအဓိကဦးဆောင်နေပြီး အခြားနိုင်ငံအစိုးရအဖွဲ့များနဲ့ အကွဲပြားဆုံးအဖွဲ့လို့ ဆိုရမှာပါ။ အစိုးရအဖွဲ့ရဲ့ ၄၀% က အမျိုးသမီးတွေဖြစ်ပြီး ၂၅% က တော့ မောင်အိုရီလူမျိုးတွေပါ။ ၁၅% က ပစိဖိတ်ကျွန်းစုလူမျိုးတွေဖြစ်ပြီး ၁၅% ကတော့ LGBT တွေပါတဲ့။

ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူ နှစ်ဦးထဲက Sir Edmund Hillary ဟာ နယူးဇီလန်သားဖြစ်ပါတယ်။ သူနဲ့အတူ နီပေါနိုင်ငံသား Tenzing Norgay တို့ဟာ ၁၉၅၃ ခုနှစ်မှာ ဧဝရက်တောင်ထိပ်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း နေထွက်တာကို ပထမဆုံး မြင်ရတဲ့နိုင်ငံဟာလည်း နယူးဇီလန်နိုင်ငံပဲဖြစ်ပါတယ်။ နယူးဇီလန်ရဲ့ ဂရင်းနစ်စံတော်ချိန်က GMT+12 ဖြစ်ပြီး နေထွက်တာကို နယူးဇီလန်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Gisborne မြို့ကနေ ပထမဆုံး မြင်ရတာဖြစ်ပါတယ်။

နယူးဇီလန်ရဲ့ လူကြိုက်အများဆုံး အားကစားကတော့ ရပ်ဘီ ဖြစ်ပါတယ်။ နယူးဇီလန် ရပ်ဘီအသင်းဟာ ရပ်ဘီ ကမ္ဘာဖလားကို ပထမဆုံး ရရှိခဲ့တဲ့ အသင်းလည်းဖြစ်ပြီး လက်ရှိမှာလည်း ကမ္ဘာ့ဖလား ၃ကြိမ်ရ အအောင်မြင်ဆုံး ရပ်ဘီအသင်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်အလျား ၄ ပေ ဝန်းကျင်သာ ရှိတဲ့ Hector လင်းပိုင်တွေဟာ ကမ္ဘာပေါ်မှာ အသေးဆုံးလင်းပိုင်တွေ ဖြစ်ပါတယ်။ ဒီလင်းပိုင်တွေကို တခြား ကမ္ဘာ့နေရာတွေမှာ တွေ့ရှိရမှာမဟုတ်ပဲ နယူးဇီလန်ပိုင်နက်ရေပြင်တွေထဲမှာသာ ရှာဖွေတွေ့ရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် Lord of the Rings ဇာတ်ကားကို နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နယူးဇီလန် တောင်ပိုင်းကျွန်း နဲ့ မြောက်ပိုင်းကျွန်းက နေရာ ၁၅၀ ကျော်မှာ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံသားတိုင်းအတွက် အသက် ၅ နှစ်ကနေ ၁၉ နှစ်အတွင်း အခမဲ့တက်ရောက်နိုင်တဲ့ ပညာရေးစနစ်ကို ကျင့်သုံးပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ ၉၉% က စာတတ်မြောက်သူတွေဖြစ်ပြီး တဝက်ကျော်ကျော်က အနည်းဆုံးဘွဲ့တခုခု ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ နိုင်ငံပိုင် တက္ကသိုလ်ကြီး ၈ ခု ရှိနေတဲ့ နယူးဇီလန်ဟာ ပညာရေးစနစ်မြင့်မားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *